တကယ့်အဖြစ်

တကယ့်အဖြစ်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့သူကို သိစေချင်လွန်းလို့ ရင်ဖွင့်တာပါတဲ့ ဖတ်ကြည့်ပြီး မျှဝေခံစားကြပါဦး 9:31 PM

ခရစ္စမတ်နေ့၊ 25-12-2012 ရောက်ခါစ မနက်ဝေလီဝေလင်း နှစ်နာရီခန့်မှာ ရန်ကုန်မြို့ရဲ့ ဓါးထိုးမှု၊ လူသတ်မှု၊ လုယက်မှု၊ ရန်ဖြစ်မှု၊ မူးယစ်ရမ်းကားမှု အများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ် ဆေးရုံတွင်း ပရ၀ုဏ်မှာ ညစ်ညမ်းစွာ မူးယစ်ဆဲဆို သောင်းကျန်းမှု တစ်ခုဖြစ်ပွါးခဲ့ပါတယ်။ ဖြစ်ပွါးပုံက ဒီလိုပါ............ ဆေးရုံကို 24-12-2012 ရက်နေ့ ည (7)နာရီခန့်မှာ မျိုးမင်းအောင် အသက်(17)နှစ်ခန့် လူငယ်ဟာ ရောဂါရာဇ၀င်အရ အရက်ပြိုင်သောက်ရာက အသောက်လွန်ပြီး အိပ်ယာထဲမှာ မနက်(11)နာရီထဲကနေ အိပ်ပျော်သွားရာကနေ ညနေအထိ နိုးမလာလို့ ဆေးရုံကို လာပို့ကြတာပါ။ တာဝန်ရှိ ဆရာမတွေ စမ်းသပ်ပြီး လိုအပ်တဲ့ အရေးပေါ် ကုသမှုပေးပြီး စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်နေခဲ့ကြပါတယ်။ ည 8 နာရီခွဲ မှာ လူနာသတိပြန်မလည်သေးလို့ ထပ်မံစမ်းသပ်ပြီး ဒါဟာ အရက်အသောက်များပြီး ဦးနှောက်တွင်း သွေးကြောတစ်ခုခု ပေါက်ထွက်သွားတဲ့ လက္ခဏာမျိုးကြောင့် သတိလစ်နေတာဖြစ်နိုင်တဲ့အတွက် ကုသမှု စုံလင်သော ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။ လူနာ၏ အဒေါ်မှာ မသွားချင်သော်လည်း မြို့နယ်ဆေးရုံထက် ပိုမိုကောင်းမွန်သော ဆေးရုံကြီးကိုလွှတ်တာမို့ နောက်ဆုံး ည 10နာရီမှာ ဆေးရုံပြောင်းသွားကြပါတယ်။ မနက် 2 နာရီခန့်မှာတော့ ဆေးရုံအတွင်းကို လူနာ၏ ဆရာဆိုသူက ကဏန်းဒိုင်ပိုင်ရှင်ဟု သူ့ကိုယ်သူ ပြောကာမူးရူးဝင်ရောက်လာပြီး ငါ နှင့်စသော ဆဲရေးတိုင်းထွာမှုများနှင့် ညစ်ညမ်းစွာ ဆဲဆိုပြီး အော်ဟစ်သောင်းကျန်းကာ ဆေးရုံထဲ ၀င်လာပါတော့တယ်။ ဆေးရုံထဲမှာရှိနေတဲ့ လူနာအပါအ၀င် အားလုံးလန့်နိုးကုန်ပါတယ်။ ဆေးရုံလွှဲပြောင်းပေးတာကို သိရှိပြီး ဖြစ်ပုံရကာ တမင်သက်သက် ပြဿနာလာရှာလို့ရတယ်ဆိုသော ပုံစံမျိုးဖြင့် ထိုသူနှင့်အတူ နောက်ထပ် လူ 2 ယောက် ပါလာပါတယ်။ အဲဒီလူ 2 ယောက်ကလည်း လုံးဝဆေးရုံထဲမ၀င်ပဲ (ဟိုလူကို ဆဲပါစေဆိုသောပုံစံဖြင့်) ကဏန်းဒိုင်ပိုင်ရှင် ဆိုသောသူကသာ ဆေးရုံလုံခြုံရေးဝန်ထမ်းအား ငါနှင့် ကိုင်တုတ်ဆဲဆိုပြီး၊ မင်းဘာကောင်လည်း သေသွားမယ် စသဖြင့် မကြားဝံ့မနာသာ ခြိမ်းခြောက် ဆဲဆိုသည်ကို ဆေးရုံတွင်းလူအားလုံး မခံမရပ်နိုင်ဖြစ်အောင်(တစ်ချို့ လူနာစောင့်ယောက်ျားတွေဆို အပြင်မှာဆို ရန်ပွဲဖြစ်လောက်သည်အထိ သည်းခံနိုင်တဲ့ အတိုင်းအတာဘောင်ကျော်အောင်) ရမ်းကားဆဲဆိုခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ ခပ်တည်တည်နဲ့ သူတို့မဟုတ်သလို ပါလာတဲ့သူ တစ်ယောက်က လာဆွဲခေါ်ပြီး ထွက်သွားကြပါတယ်။ လှိုင်သာယာဆေးရုံဟာတစ်ရက်လျှင် ပြင်ပလူနာ 50ကနေ 100ကျော်၊ ရဲမှု 10 ခုကနေ 30၊ ကားတိုက်၊ ဆိုင်ကယ်တိုက်မှု၊ အရေးပေါ်လူနာနဲ့ ဆေးရုံသေးပေမယ့် အင်မတန်အလုပ်များတဲ့ နေရာပါ။ ဘယ်လိုပဲ ဆေးရုံသေးပါစေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ဆေးရုံတိုင်းဟာ ဂုဏ်သိက္ခာ အတူတူရှိကြတဲ့ နေရာပဲဖြစ်ပါတယ်။ အခုတော့ အလုပ်ကလည်းများ၊ ဆရာဝန်အင်အားကလည်း နည်းပါတယ်။ နောက်ပြီး ရောက်လာတဲ့ရဲမှုတွေဟာ အရက်သေစာသောက်စားထားသူများပြီး ဆေးရုံဝန်ထမ်း၊ အထူးသဖြင့် ဆရာဝန်၊ ဆရာမတွေကို မချေမငံ ဆက်ဆံတာတွေ များလာပါပြီ၊ မယုံရင်လာကြည့်ပါ။ အခုဆို ရဲမှုမဟုတ်ပဲ အရေးပေါ်လူနာရဲ့ သက်ဆိုင်သူ လာရမ်းကားတဲ့ အဆင့်တွေတောင် ဖြစ်လာပါပြီ။ အခုလည်း လူနာကိုဆေးရုံဘက်မှ အကောင်းဆုံး ဆုံးဖြတ်ချက်ချကာ စေတနာထား လုပ်ဆောင်ပေးခဲ့ သော်လည်း ငါတို့ ရဲနဲ့ ပိုင်တယ်၊ ငွေရှိတယ်၊ ဒီလိုဆေးရုံ သေးသေးလေးကို ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ သေချာပိုင်နိုင်မှုနဲ့ တမင်ကြိုတင်ကြံစည်ပြီး လာရောက်စော်ကားတာဟာ ဘယ်လောက် ခံပြင်းစရာကောင်းပါသလဲ၊ မွေးလူနာနှစ်ယောက်ဆိုရင် လန့်ဖျပ်ပြီး ဗိုက်တောင်ပိုနာသွားသလိုပါပဲ၊ အခုလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆောက်အဦထဲမှာ မူးယစ်ရမ်းကားကာ၊ ငါနှင့် ကိုင်ပေါက်ပြီး မကြားဝံ့မနာသာဆဲဆိုခြင်း၊ တာဝန်ကျ ၀န်ထမ်းအား အသက်ကိုပါရန်ရှာနိုင်လောက်သည့် ခြိမ်းခြောက်ပြောဆိုခြင်း၊ အချိန်မတော် အော်ဟစ်ပြဿနာရှာခြင်းတွေဟာ အမျိုးသမီးဆရာဝန်၊ အမျိုးသမီး သူနာပြုတွေအတွက် ဥပဒေက ကာကွယ်ပေးနိုင်စွမ်းရှိသေးရဲ့လားဆိုတာ သံသယဖြစ်စရာပါပဲ၊ ဆေးရုံနဲ့ ပက်သက်ရင် ရေးကြပြောကြတာတွေကလည်း မကောင်းကြောင်းတွေပဲ များတယ်မဟုတ်လား၊ ဆေးရုံအပေါက်စောင့်က ငွေတောင်းတာ၊ ဆရာမက အော်တာငေါက်တာ ဒါမျိုးတွေပဲ ရေးကြ၊ သတင်းလွှင့်ကြတယ်လေ၊ဒါပေမယ့် ဆေးရုံအပေါက်စောင့်ကို ငါနဲ့ ကိုင်တုတ်ပြီး ဆရာဝန်၊ ဆရာမ ဘယ်သူမှ မျက်စိထဲမထားတဲ့ လုပ်ရပ်မျိုးကိုတော့ မရေးကြ၊ မပြောကြတဲ့အခါ ဘယ်သူကမှ မသိနိုင်ကြဘူးပေါ့၊ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဆေးရုံထဲဝင်လာတာနဲ့ ရန်သူလိုမျိုး မျက်စေ့ဒေါက်ထောက်ပြီး အပြစ်ရှာသလိုကြည့်တာ၊ ဘာမှတ်လည်း ဟိုပါတီက....ဒီပါတီက........တိုင်လိုက်ရင်ပြုပြဿနာတက်သွားမယ်၊ ပြုတ်သွားမယ် ဆိုတာမျိုးတွေ...တဖြည်းဖြည်း ဆေးရုံဟာ ရန်သူလို ဆက်ဆံခံနေရပါတယ်၊ ဥပေဒစာအုပ်လှန်လိုက်တော့လည်း ဒါဏ်ငွေ 500 (သို့)ထောင်ဒါဏ် 3 လဆိုပါလား၊ ဒါဆို ပိုက်ဆံ 500 ပေးပြီး ကြိုက်တဲ့ဆေးရုံဝင်ဆဲလို့ရတဲ့သဘောလား၊ ကိုယ့်ရဲ့ လိင်အင်္ဂါနဲ့ တိုင်းထွာဆဲရေးပြီး ခပ်တည်တည်နဲ့ ဆေးရုံထဲမှာ အချိန်မရွေး သွားဆဲလို့ရတယ်၊ ပြီးမှတောင်းပန်လိုက်မယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ဒီလိုမျိုး ခဏခဏလာဆဲနေရင် ဘယ်လိုလုပ်ကြမလဲ၊ အစိုးရဌာနတွေ ပွင့်လင်းမြင်သာအောင် လုပ်တယ်ဆိုတဲ့နေရာမှာ ကြိုက်တဲ့သူဝင်လာပြီး မကြိုက်ရင် ဆဲလို့ရတယ်လား၊ Good Government တို့ Good Civilization တို့ပြောပြီး ဘယ်သူလာဆဲဆဲ ဆေးရုံကသေးတော့ ငုံ့ခံရတော့မှာလား၊ လူ့အခွင့်အရေး ဆိုတာ ဆဲတယ်သူမှာရှိသလို အဆဲခံရသူ၊ အဆဲခံရတဲ့ အဆောက်အဦအတွင်းမှာ အလုပ်လုပ်နေတဲ့သူတွေမှာလည်း ရှိတယ်မဟုတ်လား၊ ဒီလိုမျိုး လွတ်လွတ်လပ်လပ် ပြည်သူ့ဆေးရုံထဲမှာ အားပါးတရဆဲတာ ဒီမိုကရေစီလား၊ အမျိုးသမီးတွေဖြစ်ပါရက်နဲ့ ညဂျူတီကို အခန်းတံခါးတောင်မဖွင့်ရဲ့ဘဲ ဆင်းရတော့မယ့် အနေအထားလား၊ အပြစ်မဲ့တဲ့ ရောဂါခံစားနေရတဲ့လူနာတွေ၊ ဒီလိုမူးရူးပြီး လာရမ်းကားတဲ့ သူတွေကြောင့် တဖြည်းဖြည်း တစ်ယောက်က ဆဲလို့ရရင် နောက်တစ်ယောက်က ဆဲမယ်၊ နောက်တစ်ယောက်က ဆဲလို့ဝရင် နောက်တစ်ယောက် ထပ်ဆဲမယ်၊ အမျိုးသမီ်းတွေချည်း အလုပ်လုပ်နေရတဲ့ ၀န်းကျင်တစ်ခုက အစော်ကားခံနေရတဲ့ အနေအထားကို" တောင်းပန်ပါတယ်"ဆိုတဲ့ စကားနဲ့ ပြီးသွားသင့်လို့လား၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာ၊ ဆေးရုံဂုဏ်သိက္ခာ၊ ဆေးပညာရဲ့ ဂုဏ်သိက္ခာ၊ ဘယ်သူက ကာကွယ်ပြီး ဘယ်သူက ကယ်တင်မှာလည်း၊ .။ ဘုရားသခင်....................... ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးရုံ ပိစိကလေးကို စောင့်ရှောက်ကယ်တင်ပါလို့ပဲ ........တ........ရ တော့မှာလား ကျေးဇူးပြုပြီး ၀ိုင်းဝန်းစာနာပေးကြပါ၊

0 comments:

Post a Comment